(004 SS)
ငါးရစ်တက်ကာလဖြစ်သည့်အတွက် ချင်းပြည်နယ်တွင် နည်းလမ်းအမျိုးမျိုးဖြင့် ငါးဖမ်းခြင်းများမပြုလုပ်ရန် ZZLMS ညီနောင်အဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်သူများသိစေရန် ကြေညာချက်ထုတ်ပြန်သည်။
အောက်တိုဘာလ ၈ ရက်နေ့မှစ၍ နိုင်ဝင်ဘာလ ၂၀ ရက်နေ့အထိ ဒိုင်နမိုဖြင့်ဖြစ်စေ၊ မိုင်းဖြင့်ဖြစ်စေ၊ ဆေးခတ်ခြင်းဖြင့်ဖြစ်စေ နည်းလမ်းအမျိုးမျိုးအသုံးပြုကာ ငါးဖမ်းခြင်းများ မပြုလုပ်ကြရန် သား၊ ငါး၊ သတ္တဝါထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ZZLMS က ထုတ်ပြန်ခြင်းဖြစ်သည်။
ယခုကဲ့သို့ ငါးမဖမ်းရ သတိပေးချက်အား မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်သူရှိပါက သက်ဆိုင်ရာအဖွဲ့အစည်း၏ ဥပဒေ၊ အမိန့်ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သား၊ ငါး၊ သတ္တဝါထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ZZLMS ညီနောင်အဖွဲ့၏ ၆ ကြိမ်မြောက်အစည်းအဝေးအတွင် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကာ ယခုတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့တွင်လည်း CDF-Thantlang က ငါးရစ်တက်ချိန်ဖြစ်သည့်အတွက် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အများပြည်သူများအနေဖြင့် ငါးဖမ်းခြင်းလုံးဝမပြုကြရန် ထုတ်ပြန်ခဲ့သည်။
ZZLMS ညီနောင်မဟာမိတ်အဖွဲ့သည် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသော CDF – Zotung, CDF- Zophei ၊ CDF – Lautu ၊ CDF – Mara ၊ CDF – Senthang စသည့် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည်။