ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ကျေးရွာဟောင်းတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက် ည ၁၀ နာရီအချိန်က ထင်းမီးဖိုမှတဆင့် မီးလောင်မှုဖြစ်ပွားကာ Full Gospel ဘုရားကျောင်းတစ်ကျောင်း၊ (EBC) ဧဝံဂလီနှစ်ခြင်းအသင်းတော်၏ မှုကြိုကျောင်းနှင့် လူနေအိမ် ၅ လုံးမီးလောင် ပြာကျသွားသည်ဟု သိရသည်။
ဒါးရ်ခိုင်ရွာဟောင်းဒေသခံတစ်ဦးက “မီးစလောင်တာက ရိုးရိုးမီးကနေ အိမ်ရှင်က မီးကိုနည်းနည်း သတိမထားမိတာ ဖြစ်မယ်အဲ့ကနေပဲစလောင်သွားတာ အိမ်ကဘေးကအိမ်တွေနဲ့ကပ်နေတာဆိုတော့ မီးလောင်တာ သိပေမယ့် အိမ်တွေကကပ်နေတာဆိုတော့ကျွန်တော်တို့ ရေက အချိန်မှီမပို့နိုင်လို့ မတားနိုင်ဘူး၊ လူနေအိမ် ၅ အိမ်စလုံးက အားလုံးပျက်စီးတယ်။ လူတွေကတော့ ထိခိုက်မှုမရှိဘူး။” ဟု ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုဝင်အတွက် ဒါးရ်ခိုင်ရွာမှ ZYA လူငယ်အသင်းနှင့် ကျေးရွာဒေသခံများက ယာယီတဲများထိုးပေးသည့်အပြင် လိုအပ်သည့် အိမ်သုံးဆောင်ပစ္စည်းများ ထောက်ပံ့ကူညီပေးမှုများရှိသည်ဟု သိရသည်။
ဒါးရ်ခိုင်ကျေးရွာဟောင်းသည် တွန်းဇန်မြို့နှင့် မိုင် ၅၀ ခန့်ကွာဝေးသည်ဟု သိရပြီး လူဦးရေ ၁၇၀ ခန့်ရှိသည်။