(006SV)
ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်ကို ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အနီးဝန်းကျင်မှ ဒေသခံပြည်သူအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
“တွန်းဇံမြို့ပေါ်က စီမံကိန်းရုံးကို ဗုံးကြဲတာ။ စီမံကိန်းရုံးကတော့ အခုက ပျက်စီးကုန်ပြီ။ အကုန်လုံး ပျက်စီးတယ်။ စီမံကိန်းရုံးနားမှာနေတဲ့ ပြည်သူ ၁ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ လူတွေကတော့ ကြောက်နေကြတယ်။ ထွက်ပြေးတိမ်းရှောင်ကြတာာ မရှိပါဘူး” ဟု ယင်းတာဝန်ရှိသူက ပြောသည်။
ယနေ့ နေ့လယ် ၁၂ နာရီခန့်မှာ တွန်းဇံမြို့ပေါ်က စီမံကိန်းရုံး အဆောက်အဦးကို လေကြောင်းမှ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းရုံးမှာ ပျက်စီးသွားကြောင်း၊ ရုံးအနီးဝန်းကျင်မှာ နေထိုင်သည့် ဒေသခံပြည်သူ ၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုတွင် မည်သည့်ဗုံးအမျိုးအစားကို အတည်မပြုနိုင်သေးသော်လည်း ဗုံးပေါက်ကွဲသံသည် များစွာကျယ်လောင်သည်ဟု သိရသည်။
“တွန်းဇံမြို့ပေါ်မှာက ပြည်သူလူထုတွေ ငြိမ်ငြိမ်ချမ်းချမ်း နေလို့မရအောင် စကစက ဖျက်စီးတာဖြစ်တယ်။ သူတို့ ဘယ်လောက်ပဲဖျက်ဖျက်၊ ပြည်သူတွေကတော့ နေစရာရှိတာ နေရမှာပဲ၊၊ လုပ်စရာရှိတာ လုပ်ရမှာပဲ။ အကောင်းဆုံးကတော့ စစ်တပ်အချင်းချင်း တိုက်တာမျိုးဆိုရင် ထားပါတော့ အခု မြို့ထဲ၊ ရွာထဲကို ဗုံးကြဲတာက တော်တော်လေးကို မကျေနပ်စရာကောင်းတယ်။ မလုပ်သင့်ပါဘူး။ အဲလိုလုပ်နေရင် ပြည်သူတွေက ပိုပြီးတော့ မုန်းတီးမယ်” ဟု တွန်းဇံမြို့ပအဖမှ တာဝန်ရှိသူက ပြောသည်။
၂၀၂၄ ခုနှစ် မေလပိုင်းမှစတင်၍ တွန်းဇံမြို့ကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – တွန်းဇံက ဦးဆောင်၍ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိသည်ဟု သိရသည်။