မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ နှမ်းခါးရွာဆေးပေးခန်း ဗုံးကြဲခံရမှုမှာ ဆေးခိုးကုနေတဲ့သူတွေ ဒါဏ်ရာရရှိပြီး PDF အနည်းဆုံး ၁၁ ဦးသေဆုံးတယ်လို့ စစ်တပ်လော်ဘီများက သတင်းအမှား ဖြန့်ချိနေပါတယ်။
ဒါ့အပြင် နှမ်းခါးရွာဆေးပေးခန်းဟာ CDM ဆရာ၀န် ၃ ဦးက ဦးဆောင်ဖွင့်လှစ်ထားတဲ့ NUG ဆေးပေးခန်းဖြစ်လို့ လေကြောင်း ဗုံးကြဲရှင်းလင်းလိုက်ခြင်းဖြစ်တယ်လို့လည်း ဗုံးကြဲမှုကြောင့် ပျက်ဆီးသွားတဲ့ နှမ်းခါးရွာရှိ နေအိမ်ဓါတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြထားပါသေးတယ်။
ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့် ဝေဖြိုးဆိုသူက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ မတ်လ ၂၃ ရက်နေ့က ရေးသားဖော်ပြခဲ့တာဖြစ်ပြီး ၂၉ ယောက်က နှစ်သက်ကြောင်း reaction ပေးခဲ့သလို ၂ ယောက်ကလည်း ထပ်ဆင့် ပြန်လည်မျှဝေထားပါတယ်။
သတင်းအမှားလင့်ခ် – https://www.facebook.com/share/p/15YViogXNf/
ဒီအကြောင်းအရာကို ခိုနူမ်းသုန်မီဒီယာ သတင်းမှား စိစစ်ရေးအဖွဲ့က ပြန်လည်စိစစ်ရာမှာ စစ်ကောင်စီဝါဒဖြန့်လော်ဘီ ဝေဖြိုးဆိုသူက ၎င်း၏ လိုရာဆွဲ ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ နှမ်းခါးကျေးရွာဆေးပေးခန်းကို စစ်ကောင်စီက မတ် ၂၂ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးကုသပေးနေတဲ့ အသက် (၄၀) နှစ်အရွယ် ဒေါက်တာမြစိုးအောင်၊ ၄ လသားအရွယ် ကိုယ်ဝန်လွယ်ထားတဲ့ အသက် (၃၉) နှစ်အရွယ် ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေနှင့် အသက် (၅) နှစ်အရွယ်ရှိ သားဖြစ်သူအပါအဝင် အသက်မပြည့်သေးတဲ့ ကလေးငယ် (၅) ဦး၊ လူနာ၊ လူနာစောင့်နှင့် ပြည်သူ (၈) ဦး စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့ရတဲ့အပြင် (၆) ဦးက ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
၎င်းဗုံးကြဲခံရမှုကြောင့် နှမ်းခါးရွာ ဆေးပေးခန်း မီးလောင်ပျက်ဆီးခဲ့တဲ့အပြင် အနီးအနားက ပြည်သူနေအိမ်တွေလဲ ပြိုကျပျက်ဆီးခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဗုံးကြဲမှုကြောင့် အသက်သေဆုံးခဲ့ရတဲ့ ဒေါက်တာမြစိုးအောင်တို့ မိသားစုအပါအဝင် အရပ်သား ၁၁ ဦးအတွက် ဝမ်းနည်းကြောင်း မတ်လ (၂၃) ရက်နေ့က ထုတ်ပြန်ထားပါတယ်။
NUG ထုတ်ပြန်ချက် – https://www.facebook.com/share/p/12KtHKRLu42/
ဒါအပြင် DVB သတင်းဌာနရဲ့ မေးမြန်ချက်အရ ၎င်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးကုသပေးနေတဲ့ ဆရာဝန်မိသားစု ၃ ဦး၊ ဆေးလာကုတဲ့ လူနာ ၃ ဦး၊ အဖွားအို ၂ ဦး၊ ပကဖ ၁ ဦး နောက် ကလေးငယ်တွေပါတယ်လို့ နှမ်းခါးဒေသခံက ပြောပြထားပါတယ်။
သတင်းလင့်ခ်-
DVB news- https://www.facebook.com/share/v/1Baqp2uSxj/
BBC news – https://www.facebook.com/share/p/16CKNnWCez/
#သတင်းစိစစ်တွေ့ရှိချက်
သတင်းအမှားဖြန့်ဝေတဲ့သူ ဖော်ပြထားတဲ့ အကြောင်းအရာနှင့် အချက်အလက်တွေကို Khonumthung FactChecking Team က စိစစ်ကြည့်တဲ့အခါ နှမ်းခါးရွာ ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူများမှာ PDF ၁၁ ဦး သေဆုံးသွားခြင်းမဟုတ်ဘဲ ဆေးကုသပေးနေသူ၊ လူနာအပါအဝင် ကလေးငယ်များ ရက်ရက်စက်စက် သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။
#သုံးသပ်ချက်
ဒါ့ကြောင့် သတင်းအမှားဖြန့်ဝေတဲ့သူက ၎င်းရဲ့ လိုရာဆွဲ ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း သုံးသပ်ပါတယ်။
ခိုနူမ်သုန်းသတင်းမီဒီယာ စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ပဲ စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာများဆီ သွားရောက်ဖတ်ရူကြဖို့ တိုက်တွန်းအပ်ပါတယ်။