(06SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေး- လောင်းရှည်လမ်းပိုင်းအတွင်း စစ်ကောင်စီတပ် ထောင်ထားသော မြေမြှပ်မိုင်းများကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် တပ်ရင်း ၃ တပ်ရင်းမှူးဟောင်း ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်က ထုတ်ပြန်သည်။
ဩဂုတ်လ ၃ ရက်က ကျင်ဒွေး- လောင်းရှည် လမ်းပိုင်းကို ပြည်သူများ ပြန်လည်သွားလာနိုင်ရေးအတွက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုးမတော်တဆ ပေါက်ကွဲမှုကြောင့် အသက် ၂၉ နှစ်အရွယ် ရဲဘော် ဆလိုင်းအွမ်ဂေ ကျဆုံးသွားရခြင်းဖြစ်သည်။
“အများကြီး ဆုံးရှုံးလိုက်ရတယ်။ ပထမဆုံးလက်နက်ကိုင် တော်လှန်မှု ဖြစ်တဲ့အခါမှာ အစောဆုံး သင်တန်းတွေ တက်ပြီးတော့ ဦးဆောင်ခဲ့တယ်။ ကျင်ဒွေးကို ထောက်ပို့စစ်ကြောင်း သွားတဲ့ဟာက လောင်းရှည်အထိ ပြည်သူတွေ သွားလာလို့ ရအောင် နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေး ပြန်လုပ်ရတယ်။ ပြန်လုပ်တဲ့ ပထမရက်မှာပဲ မိုင်းပေါက်ကွဲမှုကြောင့် မတော်တဆနဲ့ ထိခိုက်ပြီးမှ ကျဆုံးသွားပါတယ်” ဟု CDF – ကန်ပက်လက် တပ်မဟာမှူး ထွန်းလိန်းထန်းက ပြောသည်။
ရဲဘော် ဆလိုင်းအွမ်ဂေသည် လက်ရှိတွင် CDF – ကန်ပက်လက်၏ မိုင်းဌာနမှာ မိုင်းကျွမ်းကျင်ရဲဘော်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေပြီး တော်လှန်ရေးအစောပိုင်းကာလတွင် CDF ကန်ပက်လက်၊ တပ်ရင်း – ၃ (တူမီးတပ်ရင်း)တွင် တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
ကျင်ဒွေး- လောင်းရှည် လမ်းပိုင်းတွင် စစ်ကောင်စီတပ် ထောင်ထားသော မိုင်းများကို အားလုံး ရှင်းလင်းမှု မပြီးသေးသည့်အတွက် ပြည်သူများအနေဖြင့် အသုံးမပြုကြရန်နှင့် ပြန်လည်အသုံးပြု၍ ရသော အချိန်ကို ထုတ်ပြန်ပေးမည်ဟု CDF – ကန်ပက်လက် တပ်မဟာမှူး ထွန်းလိန်းထန်းက ပြောသည်။
ဇူလိုင်လ ၁၄ ရက်မှ ၂၇ ရက်အထိ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းရန်အတွက် အင်းအား ၃၀၀ ခန့်နှင့် စစ်ကား ၂၇ စီး ပါသော ယာဉ်တန်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီး စစ်ကောင်စီတပ်နှင့် ချင်းကာ ကွယ်ရေးပူပေါင်းတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။