ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရမ်ထလို (Ramthlo) ရွာမှာ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဒေသခံ ဇနီးမောင်နှံ ၂ ဦး တောင်ယာသွားစဉ်မှာ မိုင်းနင်းမိ၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပြီး ဇနီးဖြစ်သူမှာ သေဆုံးခဲ့သည်ဟု သိရသည်။
ဖလမ်းမြို့မှ ၂၂ မိုင်ကွာဝေးပြီး ဖလမ်း-ဟားခါးလမ်းပေါ်တွင်တည်ရှိသော ရမ်ထလိုကျေးရွာတွင် ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းက ဒေသခံ ဦးဖွန်းကြီးနှင့် ဒေါ်မဆန်းတို့သည် တောင်ယာသွားစဉ်မှာ မိုင်းနင်းမိ၍ ပေါက်ကွဲမှုကြောင့် နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြပြီးနောက် ဇနီးဖြစ်သူမှာ သွေးထွက်လွန်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ရွာနား ရမ်ထလိုမရောက်ခင်မှာ လမ်းအောက်က ခြံအသေးလေးလုပ်နေတာစားဖို့ ဟင်းသီးဟင်းရွက်သွားခူးတာ မိုင်းနင်းမိပြီးမှ သူ့မိန်းမက ဆုံးသွားတယ် သူ့အမျိုးသားက အခုဖလမ်းဆေးရုံ ခွဲခန်းထဲ မှာရှိနေတုန်းပဲ” ဟု ရမ်ထလိုရွာသားတစ်ဦးက ပြောသည်။
ဦးဖွန်ကြီးတို့ဇနီးမောင်နှံသည် မိုင်းပေါက်ကွဲမှုကြောင့် ညာဖက်ခြေထောက်နှင့် လက်မောင်းဒဏ်ရာရရှိခဲ့ကြပြီး ဖလမ်းဆေးရုံသို့ပို့ဆောင်စဉ် အမျိုးသမီးဖြစ်သူမှာ သွေးထွက်လွန်၍ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းတို့တွင် သား ၄ ဦးနှင့် ၄ နှစ်အရွယ် သမီး ၁ ဦး ရှိသည်ဟုသိရသည်။
ရမ်ထလိုကျေးရွာသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးထွက်လာချိန်တွင် မကြာခဏဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်းများပြုလုပ်သောကြောင့် ဒေသခံများမှာ ရွာထဲတွင် မနေရဲဘဲ တောထဲ တောင်ထဲသို့ တိမ်းရှောင်လေ့ရှိကြသည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ကလည်း ရမ်ထလိုကျေးရွာက ပြည်သူနေအိမ် ၁၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့သည်။