ချင်းပြည်နယ် ဟားခါးမြို့တွင် ဇွန်လ ၅ ရက်နေ့ညနေပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီမှ လူငယ်အယောက် (၅၀) ကျော် ဖမ်းဆီးထားပြီး ယနေ့ထိပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးမှသိရသည်။
“၅၀ ကျော်ဖမ်းခံရတယ် လွတ်လာတဲ့သူမရှိသေးဘူး သူတို့ပြန်လွတ်ဖို့ဆိုတာတော့ရှိတယ် ဒါပေမဲ့ တကယ်လွတ်လာတာတော့မရှိသေးဘူး အခုချိန်ထိတော့ ဖမ်းဆီးခံရတဲ့သူတွေက တကယ်တော့ သတင်းကြားတယ် သတင်းမေးဖို့သွားရှာတဲ့သူတွေရော တချို့ကျတော့ ဒီတိုင်း လမ်းသွားလမ်းတွေကိုပဲခေါ်လိုက်တာ အသံကြားလို့ အဲဒီနားကိုလာတဲ့သူတွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံရသူများအနက် အမျိုးသမီးများကို ဟားခါးမြို့ရဲစခန်းတွင်ထားရှိပြီး အမျိုးသားများကိုမူ (၂၆၆) စစ်ဗျူဟာဘက်တွင်ထားရှိကြောင်းသိရသည်။
ဟားခါးမြို့ မြို့သစ်ရပ်ကွက်နေအိမ်တစ်လုံးတွင် ယမန်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားကာ CDF-Hakha မှ (၃) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။