ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာဘက်သို့ တောလမ်းမှ စစ်ကြောင်းတက်လာသော စစ်ကောင်စီတပ်နှင့် CDF- Mindat တို့အကြား ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကပြောသည်။
“လောလောဆယ်ပဲ စကစတွေ ဘုရားစခန်းရွာထဲကိုဝင်လာတယ်။ ဒီမနက်က တကြိမ်တော့ တိုက်ပွဲဖြစ်ပြီး။ အထိအခိုက်အကျဆုံးတော့ မသိရသေးပါဘူး၊ သူတို့တက်လာတွေ့တော့ ပစ်ကြခတ်ကြဒီလောက်ပဲ။ ကိုယ့်နယ်မြေတွေ ကို ဝင်လာတယ်ဆိုတော့ တိုက်ပွဲက ပြင်းထန်လာနိုင်တယ်” ဟု ဆလိုင်းယောမန်ကပြောသည်။
အဆိုပါတိုက်ပွဲကြောင့် ကျေးရွာဒေသခံပြည်သူများသည် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်မည့်အလားအလာရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ၊ ၁၃ နှင့် ၁၅ ရက်နေ့ကလည်း CDF-Mindat/ယော PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။